မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဌာန်းခဲ့သည့်သမိုင်းကြောင်းကို လေ့လာကြည့် မယ်ဆိုရင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ တွင် ပြည်ထောင်စုနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ဥပဒေအမှတ် (၁၀/၈၈)မှာ ပြဌာန်းပေးခဲ့တာကိုတွေ့ရှိရတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်လိုတဲ့အတွက် ပင်မ ဥပဒေကြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၃၆(ဃ)မှာ စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြုအာမခံချက်တစ်ခုအနေနဲ့ ထည့်သွင်းပြဌာန်းထားတာကိုတွေ့ရှိရပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်များ ပေါ်ပေါက်ပြီးနောက် ၂၀၁၂ ခုနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ(၁၉၈၈)ကို ရုတ်သိမ်းပြီး ၂၀၁၂ ခုနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကိုပြဌာန်းပေးခဲ့တာကို တွေ့ရပါ တယ်။ ၂၀၁၂ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာဆိုရင် ပြုပြင်ပြောင်းလဲမှုတွေအတော်များများကို ထည့်သွင်း ပြဌာန်းထားတာလေ့လာတွေ့ရှိရပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ရင်းနှီးမြှုပ်နှံ သူက ကြီးကြပ်ကွပ်ကဲနိုင်တဲ့ ပိုင်ဆိုင်မှုပစ္စည်းဆိုတဲ့စကားရပ်နောက်မှာ ပေါင်နှံခွင့်တွေ၊ အစု ရှယ်ယာ၊ စတော့(ခ်)တွေ၊ ငွေချေးသက်သေခံလက်မှတ်တွေ၊ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့် အရေး တွေစတာတွေကိုထည့်သွင်းပြဌာန်းထားတဲ့အပြင် ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်တဲ့ ဒါမှမဟုတ် တားမြစ်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအဖြစ် သတ်မှတ်တဲ့သတ်မှတ်ချက်တွေကိုလည်း ထည့်သွင်း ပြဌာန်းလာတာတွေ့ရပါတယ်။ ဒါ့အပြင် ဥပဒေပြဌာန်းရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း ထည့်သွင်း လာတာကိုတွေ့ရပါတယ်။ အခြေခံမူအနေနဲ့ အရင် ၁၉၈၈ ဥပဒေမှာတော့ သယံဇာတဖော်ထုတ် ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့တွေကိုပြဌာန်းထားပေမဲ့ ၂၀၁၂ ခုနှစ် ဥပဒေမှာတော့ ကုန်ပစ္စည်းထုတ် လုပ်ရေး၊ နည်းပညာရရှိရေး၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာ ကွယ်ရေးဆိုတဲ့အခြေခံမူတွေကို သတ်မှတ်ပြဌာန်းထားတာတွေ့ရှိရပါတယ်။ ၁၉၈၈ ခုနှစ်ဥပဒေ မှာတော့ ရင်းနှီးမြှုပ်နှံမှုပုံစံတွေ အတိအကျမဖော်ပြခဲ့ပေမဲ့ ၂၀၁၂ ခုနှစ်ဥပဒေမှာတော့ ကော်မရှင် ခွင့်ပြုတဲ့လုပ်ငန်းတွေဆို ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံခွင့်တွေ၊ အစိုးရဌာနတွေနဲ့ ဖက်စပ်ပြုလုပ်ခွင့် တွေ၊ Contract အခြေခံတဲ့ စနစ်တစ်ခုခုနဲ့လုပ်ကိုင်ဆောင်ရွက်တာတွေကိုခွင့်ပြုကြောင်းနဲ့ ရင်းနှီး မြှုပ်နှံသူတွေလိုက်နာရမဲ့တာဝန်တွေ၊ ရရှိခံစားနိုင်တဲ့အခွင့်အရေးတွေကိုလည်း ဥပဒေမှာအတိ အလင်း ဖော်ပြတာကိုတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့လည်း ၂၀၁၂ ခုနှစ်ဥပဒေမှာ ရာခိုင်နှုန်းအလိုက် ခန့်ထားရမဲ့ အလုပ်သမား အရည်အတွက်တွေကို အတိအလင်းဖော်ပြထားပါတယ်။ ယခင်ဥပဒေ ၁၉၈၈ ခုနှစ်ဥပဒေမှာတော့ မြေငှားရမ်းတာနဲ့ပတ်သက်ပြီး မဖော်ပြခဲ့ပေမဲ့ ၂၀၁၂ ခုနှစ် ဥပဒေသစ်မှာတော့ မြေငှားရမ်းလုပ် ကိုင်ခွင့်ကို နှစ်(၅၀)၊ သက်တမ်းတိုးအနေနဲ့ နှစ်(၂၀)အထိ ခွင့်ပြုခဲ့တာတွေ၊ ဒါ့အပြင် နိုင်ငံခြား သားတွေက မြန်မာနိုင်ငံရဲ့ ဥပဒေအရဖြေရှင်းတာထက် ပွင့်လင်းမြင်သာပြီး မြန်ဆန်တဲ့ အငြင်း ပွားမှုဖြေရှင်းရေးနည်းလမ်းဖြစ်တဲ့ရင်းနှီးမြှုပ်နှံသူတွေအကြား ချုပ်ဆိုတဲ့စာချုပ်မှာဖော်ပြထားတဲ့ International Arbitration နည်းလမ်းတွေကို မြန်မာနိုင်ငံကအသိအမှတ်ပြုကြောင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေစိုးရိမ်နေကြတဲ့ နိုင်ငံပိုင်သိမ်းယူခြင်းကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေ မှာအာမခံခြင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့(တစ်နည်းအားဖြင့် နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အဖွဲ့) ကနေပြီးတော့ အာမခံချက်တွေ ကို ဥပဒေမှာအတိအလင်းထည့်သွင်းပြဌာန်းလာတာဟာ ၁၉၈၈ ခုနှစ် ဥပဒေထက်စာရင် ၂၀၁၂ ခုနှစ်ဥပဒေဟာ အများကြီးပြုပြင်ပြောင်းလဲခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ဒါကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၁၉၈၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အကြား ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပထမပိုင်းဖြစ်ပါတယ်။